ဆီးလမ်းကြောင်းပိုးဝင် စေနိုင်မယ့် အလေ့အထတွေက ဘာတွေဖြစ်မလဲ
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာက ဆီထဲကနေတဆင့် ဆီးအိမ် ထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တာပါ။ ဒီလိုဆီးလမ်းကြောင်ပိုးဝင်တာက သက်တောင့်သက်သာ မဖြစ်စေတာမျိုးကို ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက အဖြစ်များပြီး နှစ်စဉ် သန်းနဲ့ချီပြီး ခံစားနေရတာပါ။
ဒီတော့ ဖြစ်လာပြီဆိုရင် နေရထိုင်ရအတော်လေး ခက်စေပြီး ပြင်းထန်တဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေတဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်နိုင်ဖို့အတွက် ဘယ်လိုအလေ့အထတွေက ဆီးလမ်းကြောင်းပိုးဝင်တာကို ဖြစ်စေလဲဆိုတာကို ဗဟုသုတရအောင် လေ့လာလိုက်ရအောင်နော်။
ဆီးလမ်းကြောင်းပိုးဝင် စေတဲ့ အလေ့အထတွေ
ဒီအလေ့အထတွေက ဆီးလမ်းကြောင်းပိုးဝင် တာကို ဖြစ်စေပါတယ်။
- ရေသောက်နည်းတာ
ရေများများ သောက်တာက ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝစေသလို ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးတာအပြင် များစွာသော ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ကိုယ်ထဲမှာ ရေဓာတ် ပြည့်ပြည့်ဝဝ မရှိတဲ့အခါ ဆီးအိမ်ထဲမှာ ဘက်တီးရီးယားတွေ စုပုံပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။
ဒါကြောင့် ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ဖို့အတွက် တစ်နေ့ကို ရေ ၈ အောင်စ ပြည့်အောင် သောက်ပါ။
- ဆီးသွားချင်ရင် အောင့်ထားတာ
ရေလုံလုံလောက်လောက် မသောက်တာလိုပဲ ဆီးသွားချင်ရက်နဲ့ အောင့်ထားတာကလည်း ဆီးလမ်းကြောင်းထဲမှာ ဆီးတွေကို အချိန်ကြာမြင့်စွာ ရှိနေစေပြီး ဘက်တီးရီးယားတွ ပေါက်ဖွားကာ ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆီးသွားချင်ရင် အောင့်မထားဘဲ ချက်ချင်း သွားလိုက်ပါ။
- အတွင်းခံ ကျပ်ကျပ်ဝတ်တာ
အတွင်းခံတွေကို တင်းတင်းကျပ်ကျပ် ဝတ်တာက ချွေးကြောင့် စိုထိုင်းဆကို တိုးစေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားစေတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံရွေးချယ်တဲ့အခါ ဆိုဒ်မှန်မှန်နဲ့ လေဝင်လေထွက်ကောင်းစေမယ့် ချည်သား အတွင်းခံကို ရွေးချယ်ပါ။
- သန့်စင်ပုံ မှားနေတာ
ရေအိမ် အသုံးပြုပြီးချိန်မှာ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာကို ကာကွယ်ဖို့အတွက် အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ပဲ သန့်စင်ပါ။ အနောက်ကနေ အရှေ့ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်တာ စအိုတဝိုက်က ပိုးတွေကို ဆီးလမ်းကြောင်းထဲ ရောက်ရှိစေပြီး ဆီးလမ်းကြောင်း ပိုးဝင်စေနိုင်ပါတယ်။
- ဆပ်ပြာမြှုပ်တွေနဲ့ ရေချိုးတာ
ရေချိုးတဲ့အခါ ရေချိုးကန်ထဲမှာ ဆပ်ပြာမြှုပ်တွေနဲ့ အရည်ဖျော်ပြီး စိမ်ချိုးတာကလည်း ဆီးလမ်းကြောင်း ပိုးဝင်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်ချင်တယ်ဆိုရင် ဆပ်ပြာမြှုပ်တွေနဲ့ ရေစိမ်ချိုးတာမျိုး မလုပ်ပါနဲ့။
ဘယ်လိုကာကွယ်မလဲ
ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာလုပ်ဆောင်ပေးလို့ ရပါတယ်။
- အတူနေပြီးချိန်မှာ ဆီးသွားပါ
အတူနေပြီးချိန်မှာ ဆီးသွားပြီး သန့်စင်ဆေးကြောလိုက်တာက ဆီးလမ်းကြောင်းထဲက ဘက်တီးရီးယားတွေကို ရှင်းထုတ်လိုက်တာပါပဲ။
တစ်နေ့ကို ရေ ၁၀ အောင်စ သောက်သုံးပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရေသောက်ဖို့ မပျင်းပါနဲ့၊ ရေကို တတ်နိုင်သမျှ များများ သောက်ပေးပါ။
ဒါတွေအပြင် သစ်သီးတွေ စားသုံးတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာကလည်း ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ရာ ရောက်ပါတယ်။
မွန်မွန်